Thursday, 21 February 2013 15:50

စေတနာ တရားနှင့် အကုသိုလ် ဓားစာခံ

Written by
Rate this item
(0 votes)

စေတနာသည် လူတိုင်းနှင့် မတန်ဟူသော စကားကို လူမှု နယ်ပယ်တွင် ပြောဆို နေကြသည်ကို မကြာ ခဏ ကြားနေရပေသည်။ တစ်စုံတစ်ဦးက စေတနာ သဘောဖြင့် ပြောသည့် စကားကို အခြားတစ် ယောက်က အလေးမထားသည့် အခါမျိုးများနှင့် စေတနာဖြင့် အကူအညီ ပေးရာတွင် ချွတ်ချော်မှုများ ဖြစ်ပွားသော အခါ တစ်ဖက်လူ၏ ငြိုငြင် စိတ်ကွက်မှုများ ကြုံရပါက အကူအညီ ပေးသော လူတချို့ ပြောလေ့ရှိသော စကားဖြစ်သည်။ ဤသို့ စေတနာမှ ဝေဒနာ စကားဆိုခြင်းသည် သူတစ်ပါး အမှားကြား တွင်ဝင်၍ အကုသိုလ်ယူခြင်း၊ ဓားစာခံခြင်းပင် ဖြစ်သည်။

စေတနာ ဆိုသည်က သူတစ်ပါး အကျိုးကို လိုလားသော သဘောထား၊ စေ့ဆော်တိုက်တွန်း တတ်သော တရားဟု မြန်မာ အဘိဓာန်တွင် ပြဋ္ဌာန်းထားပေသည်။ စေတနာ အားကောင်းလျှင် စိတ်အား ထက်သန်ပြီး စေတနာ အားနည်းလျှင်တော့ စိတ်ပျော့ညံ့ပေ မည်။ ကောင်းမှု၊ မကောင်းမှု ပြုရာတွင် ပဓာန အကြောင်း တရားဖြစ်၍ စေတနာကို ကံဟုလည်း ခေါ်ကြသည်။ ကံတွင် ကိုယ်ဖြင့် ပြုလုပ်သော ကာယကံ၊ နှုတ်ဖြင့် ပြောဆိုသော ဝစီကံနှင့် စိတ်ဖြင့် ကြံစည်သော မနောကံဟူ၍ သုံးမျိုးရှိသည်။ ထိုကံသုံးပါး အကျိုးအပေါ် မူတည်၍ ကုသိုလ်ကံနှင့် အကုသိုလ်ကံဟု ကွဲပြားသွားပြန်သည်။ ကုသိုလ်ကံသည် ကောင်းခြင်းကို ပေးသော သဘောရှိသည်။ ကုသိုလ်ကောင်းမှု ပြုလုပ် နေချိန်၌ ဒေါသ၊ မောဟ၊ မာန စသော စိတ်အညစ် အကြေးများ မရှိသဖြင့် အပြစ်လည်း မရှိပေ။ အကုသိုလ် ကံသည်ကား မကောင်းသော အကျိုးကို ပေးခြင်း သဘောရှိသည်။ မကောင်းမှု ပြုသူသည် မကောင်းမှုပြုသည့် အတွက် လက်ရှိဘဝတွင် ဆင်းရဲမှု အမျိုးမျိုး ကြုံတွေ့ ခံစားရသလို တမလွန် ဘဝတွင်လည်း မကောင်းသော အကျိုးများ ခံစားရပေမည်။ မိမိပြုလုပ်သော ကံမှတစ်ပါး လောကကြီးကို ဖန်တီးနိုင်သူ မရှိဟု မြတ်စွာဘုရားက မြွက်ကြား ထားပေရာ မိမိ စေတနာကို အရင်းခံ၍ ဖြစ်ပေါ်လာသော စိတ်ထားများသည် မိမိ၏ ကံတရားကို ဖန်တီးနေခြင်း ဖြစ်သည်။ ကံသာအမိ ကံသာအဖ၊ စေတနာ ကောင်းလျှင် ကံကောင်းပေမည်။ မိမိပြုလုပ်သော ကံ၏ အဆိုးအကောင်း မှန်သမျှကို သတ္တဝါတိုင်း မလွဲမသွေ ခံစားရပေမည်။ ထိုကံ အကျိုးပေးမှုကို မည်သည့် တန်ခိုးရှင်မှ တစ်မျိုးတစ်မည် ဖြစ်အောင် စွမ်းဆောင်နိုင်ခြင်း မရှိနိုင်ပေ။

သေချာ ဆန်းစစ်ကြည့်ပါက စေတနာသည် မှန်ကန်စွာ ထားတတ်ပါက ရောင်ပြန် ဟပ်စမြဲပင် ဖြစ်သည်။ ဥပမာ အနေနဲ့ အများပြည်သူတို့ မူလတန်း ကျောင်းသားဘဝက သင်ကြားရသည့် စေတနာဆိုသည့် သင်ခန်းစာလေးကို တင်ပြချင်ပါသည်။ တစ်ခါတုန်းက အိမ်ရှေ့မင်းသား တစ်ပါးဟာ တောကစား ထွက်လာရင်း လမ်းခရီးမှာ သရက်ပင် စိုက်နေတဲ့ အဘိုးအိုတစ်ယောက်ကို တွေ့လေသည်။ ထို့နောက် အဘိုးအိုနှင့် စကားစမြည် ပြောရင်း အဘိုး သရက်ပင်တွေ ဘာလို့ စိုက်နေတာလဲ၊ ဒီအပင်က အသီးသီး ရင်လည်း အဘိုးစားရမှာမှ မဟုတ်တာဟု ဆိုလေသည်။ ထိုအခါ အဘိုးအိုက ကျွန်ုပ်မစားရမှန်း သိပါ သည်။ နောင်လာနောက်သားတွေ အတွက် ရည်ရွယ်ပြီး စိုက်ပျိုးပေးခြင်းပါဟု ဆိုရာ အဘိုးအို၏ စေတနာကို အသိအမှတ်ပြုသည့် အနေဖြင့် အိမ်ရှေ့မင်းသားက လက်ဆောင် ပဏ္ဏာများ ပေးသွားခဲ့လေ သည်။ မိမိ အကျိုးမရှိမှန်း သိသော်လည်း သူတစ်ပါး အပေါ် ထားရှိသော စေတနာ မှန်သောကြောင့် ရောင်ပြန်ဟပ်ခြင်းကို ပြသော သင်ခန်းစာလေး ဖြစ်သည်။

ဘုရားအလောင်းတော် သုဝဏ္ဏသာမ ရသေ့ဖြစ်စဉ် အခါကလည်း မျက်မမြင် မိဘနှစ်ပါးနှင့် သားကောင် များအပေါ် စေတနာထား၍ နေထိုင်စဉ် သားကောင် အမှတ်ဖြင့် လေးဖြင့် ပစ်ခံရကာ မြားဆိပ် သင့်လေ သည်။ သို့သော် မိမိအား လေးဖြင့်ပစ်သော ပီဠိယက္ခမင်း ကိုပင် စေတနာ ပျက်ခဲ့ခြင်းမရှိ။ ထို့ကြောင့် မြားဆိပ်လည်း ပြေကာ အသက်လည်း မသေဘဲ မိဘနှစ်ပါးပင် မျက်စိများ ပြန်ကောင်း သွားခဲ့လေသည်။ ထိုအခြင်း အရာမှာ မိမိအား မည်သို့ပြုမူသည် ဖြစ်စေ အပြစ်မယူ တတ်သည့် စေတနာ ကြောင့်ပင်ဖြစ် သည်။

လူ့လောက တွင်လည်း မိမိတို့ ငယ်ငယ်က ချော့တစ်ခါ၊ ချောက်တစ်လှည့် ဆူပူကြိမ်းမောင်း ရိုက်နှက်ပြီး ပညာသင်ကြား ပေးခဲ့ကြသော ဆရာများကို ပညာတတ်ကြီး ဖြစ်သွားသူများက ငါတို့ ပညာတတ်ကြီးတွေ ဖြစ်ခဲ့တာ ဆရာ၊ ဆရာမ များက အမုန်းခံပြီး ပညာသင်ကြား ပေးသောကြောင့်ဟု စေတနာ တရားကို သိမြင် ကြသလို ပညာတတ်ကြီး မဖြစ်ခဲ့သူ များကလည်း ငါတို့ပညာ မတတ်ခဲ့တာ ဆရာ၊ ဆရာမတွေ စကား နားမထောင်ခဲ့လို့ဟု နောင်တများဖြင့် စေတနာ တရားကို သိမြင်ကြပေသည်။ ထို့အတူ မိဘများ၏ ကျွေးမွေးပြုစု ဆုံးမ သွန်သင်ခဲ့သည့် စေတနာ တို့ကိုလည်း ငယ်ရွယ်စဉ်က အလေးမထား တတ်မိသူများ ပင် အရွယ် ရောက်လာတော့ သိမြင် နားလည်ကာ စေတနာမှန်၍ ရောင်ပြန် ဟပ်မြဲပင် ဖြစ်သည်။ ထိုသို့သော ရောင်ပြန်ဟပ်မှု များသည် အပေါင်းအသင်း သူငယ်ချင်းတို့ အကြား၊ အလုပ်ရှင်နှင့် အလုပ် သမားအကြားနှင့် အထက်လူကြီးနှင့် လက်အောက်ငယ်သား အကြားတွင် ရှိမည်မှာ မလွဲပေ။

စေတနာဖြင့် ကူညီခြင်း၊ ပေးကမ်းခြင်း၊ လုပ်ဆောင်ခြင်း များသည် တစ်နည်းအားဖြင့် အလှူဒါနလည်း မည်ပေသည်။ အလှူပေးသည့် အခါ စေတနာ သဒ္ဓါတရား အပေါ် မူတည်၍ ညောင်စေ့လောက် လှူသော် လည်း ညောင်ပင်ကြီးလောက် ရတတ်သလို ညောင်ပင် ကြီးလောက် လှူသော်လည်း ညောင်စေ့လောက် လည်း ရတတ်ပေသည်။ ထို့ကြောင့် သူတော်ကောင်း အလှူ (၅)ပါးကို တင်ပြချင် ပါသည်။

ကံကံ၏ အကျိုးကို ယုံကြည်၍ အလှူခံ ပုဂ္ဂိုလ်တို့အား ပေးလှူပါက သဒ္ဓါဒါန မည်သည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ဥစ္စာပစ္စည် ကြွယ်ဝခြင်း၊ များသော အသုံးအဆောင် ရှိခြင်း၊ ရှုချင်စဖွယ် ရှိခြင်း၊ စိတ်ကြည်လင်ခြင်းနှင့် လွန်ကဲသော အဆင်း သဏ္ဌာန်နှင့် ပြည့်စုံခြင်း အကျိုးများ ရပေမည်။ လှူဖွယ် ပစ္စည်းများကို ကောင်းကောင်း မွန်မွန် သပ်သပ်ရပ်ရပ် ပြုပြင်၍ အလှူခံ ပုဂ္ဂိုလ်အား ပေးလှူခြင်းသည် သက္ကစ္စဒါန မည်ပေသည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ဥစ္စာပစ္စည်း ကြွယ်ဝခြင်း၊ ချမ်းသာခြင်း၊ သား မယား အခြွေအရံတို့ မိမိစကား နားထောင်ခြင်းနှင့် တတ်သိနားလည် လွယ်သော ဥာဏ်ရှိခြင်း အကျိုးများ ရပေမည်။

လှူဖွယ် ပစ္စည်းတို့ကို အချိန်ကာလနှင့် လျော်ညီစွာ လှူဒါန်းခြင်းသည် ကာလဒါန မည်ပေသည်။ ထိုသူသည် ရောက်ရာ ဘုံဘဝ၌ ဥစ္စာကြွယ်ဝခြင်း၊ များသောအသုံး အဆောင်ရှိခြင်း၊ အချိန်ကာလနှင့် သင့်လျော်သော အကျိုးတရား များစွာရှိနိုင်ခြင်း၊ လိုအပ်သော အချိန်တွင် လိုအပ်သော ပစ္စည်းရခြင်း အကျိုးများ ရပေမည်။

အလှူခံ ပုဂ္ဂိုလ်အား ချီးမြှောက်လို၍ လှူခြင်းသည် အနုဂ္ဂဟိတ ဒါနမည်ပေသည်။ ထိုသူသည် ဖြစ်လေရာ ဘုံဘဝ၌ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာခြင်း၊ များသော အသုံးအဆောင်ရှိခြင်း၊ ရရှိသော စည်းစိမ်အပေါ်၌ သုံးစွဲလိုစိတ် ရှိခြင်း၊ သုံးလည်းသုံးဆောင် နိုင်ခြင်း အကျိုးများ ရပေမည်။ မိမိကို လည်းကောင်း၊ သူတစ်ပါးကို လည်းကောင်း မငြိစွန်း၊ မထိခိုက် စေဘဲ လှူခြင်းသည် အနုပဟစ္စ ဒါနမည်ပေသည်။ ထိုသူသည် ရောက်ရာ ဘုံဘဝ၌ ဥစ္စာပစ္စည်း ကြွယ်ဝ ချမ်းသာခြင်း၊ များသော အသုံးအဆောင် ရှိခြင်း၊ မိမိဥစ္စာကို ရန်သူမျိုး ငါးပါး မဖျက်ဆီး နိုင်ခြင်းနှင့် အမွေခံသားဆိုး၊ သမီးဆိုးတို့ မဖျက်ဆီးနိုင်ခြင်း အကျိုးများ ခံစားရပေမည်။

ထိုသို့ အကျိုး ကျေးဇူးများ ရှိပေရာ မိမိမှ စေတနာ သဘောဖြင့် ပြောဆိုကူညီ လုပ်ကိုင် ပေးသည်များ ပြုသော် တစ်ဖက်လူက အရေးတယူ မရှိခြင်း၊ အလေးထားမှု မရှိခြင်းနှင့် တစ်မျိုးတစ်မည် ထင်ခြင်းများ ကြုံရပါက စေတနာသည် လူတိုင်းနှင့် မတန်ဟု ကောက်ချက် မချသင့်ပေ။ စေတနာ၏ အနက် ဖွင့်ဆို ချက်ကိုက သူတစ်ပါး အကျိုးလိုလားခြင်း ဖြစ်ပေရာ မိမိအကျိုးကို တစ်စုံတစ်ရာ မျှော်မှန်းရန် မသင့်ပေ။ ထိုသို့ မျှော်လင့်ချက် မရှိပါက မိမိစေတနာ အပေါ် တစ်ဖက်လူက မည်သို့ တုံ့ပြန်သည် ဖြစ်စေ မိမိတွင် စိတ်ခံစားချက် မရှိနိုင်ပါ။ ရှိခဲ့လျှင်လည်း ထိုခံစားချက်သည် မိမိအတွက် ဥပဒ်မဖြစ်နိုင်။ မြန်မာ စကားပုံ တွင်လည်း ကိုယ်ကောင်းလျှင် ခေါင်းဘယ်မရွေ့ဟု ဆိုရိုးရှိပေရာ စေတနာမှန်ပါက ရောင်ပြန်ဟပ်မည် မလွဲပေ။

ထိုသို့မဟုတ်ဘဲ ကောင်းမှုလုပ်လည်း ကောင်းမှုမဖြစ်၊ မကောင်းမှုလုပ်လည်း မကောင်းမှုမဖြစ်ဟု ကံကံ၏ အကျိုးတရားကို မယုံကြည်ခြင်း၊ မိမိစေတနာ အပေါ်တွင် တစ်ဖက်သား၏ တုံ့ပြန်မှုအား အလိုမကျ၍ အမျက်ဒေါသ ထွက်ခြင်းများ ဖြစ်ပါက မိုက်မဲသူ ဖြစ်ပေမည်။ ထိုအခါမျိုး ကြုံပါက သည်းခံစိတ် မွေးရပေမည်။ စေတနာ တရား ပိုမိုပွားများ ရပေမည်။ ထိုသို့မပြုက အကုသိုလ် ဓားစာခံ ဖြစ်သွား နိုင်ပေသည်။

ထင်သာမြင်သာ ရှိစေရန် အကုသိုလ် ဓားစာခံ ဖြစ်မည်ကို ရှောင်ကွင်းသော သာဓက တစ်ခု တင်ပြချင် သည်။ ဘုရားအလောင်း မျောက်မင်း ဖြစ်စဉ်ဘဝက သစ်ပင်တက်ရာ၌ သစ်ကိုင်းကျိုး၍ ချောက်ထဲကျကာ ငိုမြည်နေသော ပုဏ္ဏား တစ်ဦးကို ကယ်တင်လေသည်။ ထို့နောက် မောပန်းသဖြင့် ပုဏ္ဏား၏ ပေါင်ပေါ် ခေါင်းအုံးကာ အိပ်ပျော်သွားခိုက် ပုဏ္ဏားက ကျေးဇူးတရားကို မသိတတ်ဘဲ မျောက်မင်း အသားကို စားလို၍ ဦးခေါင်းကို ကျောက်ခဲဖြင့် ထုလေသည်။ ထိုအခါ မျောက်မင်းလည်း လန့်နိုးကာ ချက်ချင်း သစ်ပင်ပေါ် တက်ကာပြေး၏။ မိမိအား ရန်ရှာသည့် ပုဏ္ဏားကိုလည်း တောထဲတွင် မျက်စိလည်ကာ သေရှာမည် စိုးရိမ်၏။ မိမိကိုယ်တိုင် အောက်သို့ ဆင်းမလာ ဝံ့သော်လည်း သစ်ပင်ချင်း ခုန်ကူးကာ ဦးခေါင်းမှ ကျသော သွေးစက်များကို ခြေရာခံ၍ ပုဏ္ဏားအား လိုက်ပါရန် ပြောကြားကာ လူသွားလမ်း အရောက် ပို့ဆောင် ကူညီခဲ့လေသည်။ မိမိစေတနာ အပေါ် ကျေးဇူးကန်း သူအား အမျက်ထွက်လျှင် စေတနာမှ ဝေဒနာ ဖြစ်တော့မည်ကို သိ၍ ခန္တီပါရမီ ကျင့်ခဲ့ခြင်းပင် ဖြစ်သည်။

သုတရတနာ ဆုံးမစာတွင်လည်း ကောင်းမှုပြုသူသည် ဤဘဝ၌လည်း ဝမ်းမြောက်ရ၏။ တမလွန် ဘဝ၌ လည်း ဝမ်းမြောက်ရ၏။ ထိုသူသည် မိမိ၏ စင်ကြယ်သော ကောင်းမှုကံကို သိမြင်ရ၍ ဝမ်းမြောက်ရ၏။ အလွန်ပင် ဝမ်းမြောက်ရ၏။ မကောင်းမှု ပြုသူသည်ကား ဤဘဝ၌လည်း စိုးရိမ်ရ၏။ တမလွန် ဘဝ၌ လည်း စိုးရိမ်ရ၏။ ပစ္စုပ္ပန်နှင့် တမလွန်ဘဝ တို့၌လည်း စိုးရိမ်ရ၏။ ထိုသူသည် မိမိ၏ ညစ်နွမ်းသော မကောင်းမှု ကံကို သိမြင်ရ၍ စိုးရိမ်ရပေ၏။ ပူပန်ရပေ၏ဟု ပြဋ္ဌာန်းထားပေသည်။

ထို့ကြောင့် လောကတွင် ကံကောင်းခြင်း၊ ကံမကောင်းခြင်းတို့သည် မိမိ၏ စေတနာပေါ်တွင် တည်မှီနေရာ ကောင်းတာလုပ်လျှင် ကောင်းတာ ဖြစ်ပေမည်။ သို့သော် စိတ်ကောင်း စေတနာထား၍ ပြုမူ ဆောင်ရွက် သည့် အရာတိုင်း၊ အခါတိုင်း၌ သည်းခံ စိတ်လေး မွေးကြစေလိုသည်။ သို့မှသာ စေတနာကို နားမလည် သော၊ မသိတတ်သော၊ မျက်ကွယ် ပြုတတ်သော သူတစ်ပါး၏ အမှားကြားတွင် ဝင်၍ ဓားစာခံခြင်း၊ အကုသိုလ် ယူခြင်းမှ ကင်းဝေးမည် ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။

 

Read 3439 times Last modified on Friday, 01 March 2013 14:07