Saturday, 09 April 2016 13:45

လွှတ်တော်အစည်းအဝေးများ ရပ်နား၊ မေ ၂ ရက် ပြန်စမည်

Written by
Rate this item
(0 votes)

၂ဝ၁၅ ရွေးကောက်ပွဲရလဒ်များဖြင့် ဖြစ်ပေါ်လာသည့် ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးများကို ယနေ့ ဧပြီလ ၆ ရက်နေ့တွင် ရပ်နားလိုက်ပြီဖြစ်သည်။
အစည်းအဝေးများကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၆၆ ရက်အတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ၁၈ ကြိမ်၊ ပြည်သူ့လွှတ်တော်အစည်းအဝေး ၁၈ ကြိမ်နှင့် အမျိုးသား လွှတ်တော်အစည်းအဝေး ၁၆ ကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အသစ်ခန့်အပ်လိုက်သည့် ပြည်ထောင်စုဝန်ကြီးနှစ်ဦး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့ ကတိသစ္စာပြုခြင်းဖြင့် အဆုံးသတ်သည်။
သင်္ကြန်ကာလ အစည်းအဝေးများ ရပ်နားထားစဉ်အတွင်း ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က ပြင်ဆင်ရန်အကြံပြုထားသည့် ဥပဒေပေါင်း ၁၄၂ ကို ကိုယ်စားလှယ်များအနေနှင့် လေ့လာသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဥာဏစိုးက ပြောဆိုသည်။
အစည်းဝေးများကို လာမည့် မေလ ၂ ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်သည်။ အမျိုးသားလွှတ်တော်အနေနှင့် အဆိုပါဥပဒေများအနက်မှ ၈၁ ခုကို ဦးစားပေးကာ ပြင်ဆင်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ပြီး လွှတ်တော်အတွင်းရှိ သက်ဆိုင်ရာ ရေးရာကော်မတီအဖွဲ့ဝင်များကို လေ့လာနိုင်ရန် ပေးပို့ထားကြောင်း ၎င်းက ဆိုသည်။


“ကော်မတီတွေအလိုက် ဒီဥပဒေတွေပေါ်မှာ လေ့လာသုံးသပ်မှုတွေလုပ်မယ်၊ ပြီးတဲ့အခါကျတော့ ထုံးစံအတိုင်းပဲပေါ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ပညာရှင်တွေ အရပ်ဘက်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီးတော့ ကြားနာမှုတွေလုပ်မယ်” ဟု ၎င်းက ဆိုသည်။
လွှတ်တော် အမြဲတမ်းကော်မတီ လေးခုနှင့် ရေးရာကော်မတီ ၁၆ ခုတွင် ကော်မတီ တစ်ခုလျှင် အနည်းဆုံး ဥပဒေ လေးခု၊ ဥပဒေကြမ်းကော်မတီအနေနှင့် ဥပဒေ ၁၅ ခုကို နားရက်များအတွင် လေ့လာသွားမည်ဖြစ်သည်ဟု ဆိုသည်။
လာမည့်လွှတ်တော်အစည်းအဝေးရက်များ၌ ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန် အကြံပြုထားသည့် ဥပဒေများတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပေဒ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ စသည်တို့ ပါဝင်သည်။
“ရုပ်သိမ်းသင့်တဲ့ဟာတွေဆိုရင်တော့ ဥပမာတစ်ခုပြောရရင် ၁၉၅ဝ အရေးပေါ်စီမံမှု အက်ဥပဒေပေါ့နော်။ ဒါမျိုးကတော့ ရုပ်ကို ရုပ်သိမ်းရမှာပေါ့” ဟု ဒေါက်တာ မြတ်ဥာဏစိုးက ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကမူ ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က ပြင်ဆင်ရန်အကြံပြုထားသည့် ဥပဒေများရှိသော်လည်း လောလောဆယ်တွင် လွှတ်တော်ဥက္ကဋ္ဌက ချပေးထားသည့် ဥပဒေများ မရှိသေးကြောင်း ဆိုသည်။
ပြီးစီးသွားသည့် ပထမပုံမှန်အစည်းအဝေးကာလအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားမည့် ဥပဒေကို အတည်ပြုခဲ့သည်။ ယင်းမှာ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းအတွင်း ပထမဆုံးပြဋ္ဌာန်းသည့် ဥပဒေလည်း ဖြစ်သည်။
ပြီးခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းတွင် ဥပဒေပေါင်း ၂၂၉ ခုကို အတည်ပြုနိုင်ခဲ့ပြီး ရုပ်သိမ်းသည့် ဥပဒေ ၁၇ ခု၊ ပြင်ဆင်သည့် ဥပဒေ ၁ဝ၃ ခုနှင့် အသစ်ပြဋ္ဌာန်းသည့် ဥပဒေပေါင်း ၁ဝ၉ ခု ရှိခဲ့သည်။

# The Voice Weekly

Read 2247 times Last modified on Saturday, 09 April 2016 19:31
You are here:   HomeALL NewsLocal Newsလွှတ်တော်အစည်းအဝေးများ ရပ်နား၊ မေ ၂ ရက် ပြန်စမည်