Thursday, 31 March 2016 17:23

အစိုးရသစ်၊ သမ္မတသစ်လက်ထက်တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဖော်ဆောင်ရန် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဆိုပြု

Written by
Rate this item
(0 votes)

အစိုးရသစ်၊ သမ္မတသစ်လက်ထက်တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဖော်ဆောင်ရန် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဆိုပြု.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရသစ်၊ နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော် လက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများအား အထွေထွေလွတ် ငြိမ်းချမ်းသာခွင့် ဖော်ဆောင်ရန် နိုင်ငံရေးအကျဉ်းသားဟောင်းများက မတ် ၃၀ ရက် တွင် အဆိုပြု ပြောကြားသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်းရုံး၌ ကျင်းပသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအား ဆရာဝန်များက ပြုစုစောင့်ရှောက်ပေးမည့် ရှေ့ပြေးလုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲတွင် နိုင်ငံရေးအကျဉ်းသားရေးရာ အဖွဲ့အစည်းများနှင့်နိုင်ငံရေး အကျဉ်းသားဟောင်းများက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း အပြည့်အ၀ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘဲ ပုဒ်မ ၄၀၁ ဖြင့် ပြန်လည်ထိန်းချုပ်ထားကြောင်း၊ အစိုးရသစ် သမ္မတသစ်လက်ထက်တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဆောင်ရွက်မည်ဟု မျှော်လင့်ယုံကြည်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဦးကျော်ဆန်းက ပြောကြားသည်။

“တစ်ခုတော့ စိုးရိမ်စရာရှိတယ်။ ဒီကိစ္စတွေကို ပြည်ထဲရေးကနေပြီးတော့ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားတွေအကုန်လုံး လွတ်မြောက်လာမှာပဲ။ တကယ်လို့သာ ဒီဘက်ကနေပြီးတော့ သမ္မတအနေနဲ့ ဘယ်လောက်ပဲ လွှတ်ပေးချင်နေပါစေ တစ်ဖက်လည်း ညှိနှိုင်းလို့ မရဘူး ဆိုရင်တော့ ချက်ချင်းတော့ လုပ်ဆောင်ဖို့ခက်မယ်လို့ ကျွန်တော်မြင်ပါတယ်။ ဘာပဲပြောပြော နိုင်ငံရေးအကျဉ်းသားဆိုတာ ဒီနိုင်ငံ အရပ်သားအစိုးရလက်ထက်မှာတော့ ဒီလိုမရှိနိုင်ဘူး။ အထဲမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေ လက်ရှိ ကျောင်းသားတွေ ဒါတွေ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာဖို့ အရေးကြီးတယ်ပေါ့။ တိုင်းပြည် တကယ်ကိုပြောင်းလဲလာပြီဆိုလို့ ရှိရင်လေ” ဟု
၎င်းက ပြောကြားသည်။

ဆက်လက်၍ ဦးကျော်ဆန်းက “ချုပ်ထားတဲ့ ပုဒ်မတစ်ခုက ဥပမာပေါ့ ၄၀၁ ဆိုတာရှိတယ်။ ၄၀၁ ဆိုတဲ့ဟာမှာ သူက ကြွေးကျန်ပေါ့။ ဥပမာ ထောင်အနှစ် ၂၀ ကျတဲ့ သူက ၁၀ နှစ်မှာ သူ့ကို လွှတ်ပေးလိုက်တယ်ဆိုရင် ၁၀ ကြွေးကျန်ဆိုတာ ရှိတယ်။ အဲဒီ ကြွေးကျန်က နောင်ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခဲ့တယ်ဆိုရင် အဲဒီကြွေးကျန်ကို ပြန်ပေါင်းမှာပေါ့။ အဲဒီလို ၄၀၁ နဲ့ ချည်နှောင်ထားတာပါ။ ဒီ ၄၀၁ နဲ့ပတ်သက်ပြီး ကျန်ခဲ့တဲ့ဟာတွေ ဒါတွေနဲ့ကို သူတို့က ချည်နှောင်ထားတာ” ဟု ပြောကြားသည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးကိုကိုကြီးက “ဒီနေ့မှာ နိုင်ငံတော်သမ္မတကြီးအသစ် နေပြည်တော်မှာပြောနေတဲ့အချိန်မှာ ဒီမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုများ နိုင်ငံရေးအကျဉ်းသားဟောင်းများကို နိုင်ငံရေးအကျဉ်းသားများကို ကူညီနေတဲ့ ပုဂ္ဂိုလ်များကို တိုင်တည်ပြီး ပြောချင်တာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အစိုးရသစ် သမ္မတသစ်ကနေပြီးတော့ စတင် ဖော်ဆောင်ဖို့ လိုပါတယ်။ ကျွန်တော်ပြောချင်တာ နိုင်ငံရေးအကျဉ်းသားတွေ ၄၀၁ နဲ့ ကြွေးကျန်ဆိုပြီးဖြစ်နေတဲ့ ကိစ္စတွေ၊ လက်ရှိထောင်ထဲမှာ အမှုရင်ဆိုင်ဆဲ အဖမ်းခံနေရတဲ့၊ အချုပ်ကျနေတဲ့၊ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် အစိုးရသစ် သမ္မတသစ်ရဲ့ ပထမဦးဆုံး ဦးစားပေးလုပ်ငန်းအဖြစ် ကျွန်တော် တိုက်တွန်းအဆိုပြုပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် တတိယနိုင်ငံများတွင် သွားရောက်နေထိုင်နေကြရသည့် မြန်မာနိုင်ငံသား တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် ဂုဏ်သိက္ခာရှိရှိဖြင့် မြန်မာနိုင်ငံထဲသို့ ပြန်လာနိုင်ပြီး နိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့် ရရှိရန်လိုအပ်သည်ဟု ၎င်းကဆိုသည်။

အခမ်းအနားတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ပြုစုစောင့်ရှောက်လျက်ရှိသည့် မိသားစုဆရာဝန်များအား Compassionate Family Doctors အဖြစ် အသိအမှတ်ပြုဂုဏ်ပြုသည့် လက်မှတ်များ ပေးအပ်ခဲ့သည်။

# Eleven Media Group

Read 1200 times Last modified on Saturday, 09 April 2016 19:31
You are here:   HomeALL NewsLocal Newsအစိုးရသစ်၊ သမ္မတသစ်လက်ထက်တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဖော်ဆောင်ရန် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဆိုပြု