Thursday, 16 February 2017 10:02

ဘဏ္ဍာနှစ်​ မကုန်​မီ နှစ်လအလိုတွင်​ မြ၀တီနယ်စပ်​ ကုန်​သွယ်​​ရေးစခန်းမှ ယခင်​နှစ်​ထက်​ အမေရိကန်​​ဒေါ်လာ ၁၅ ဒသမ ၂၄၈ သန်း ပိုမိုကုန်​သွယ်​ခဲ့

Written by
Rate this item
(0 votes)
နယ်စပ်စခန်းများအနက် ဒုတိယကုန်သွယ်မှု အများဆုံးဖြစ်သည့် မြ၀တီနယ်စပ်မှ ဘဏ္ဍာနှစ်မကုန်မီ နှစ်လအလိုတွင် ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးကထက် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂၄၈ သန်း ပိုမိုကုန်သွယ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
 
အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု ပြုရာတွင် နယ်စပ်စခန်းများအနက် အများ ဆုံးကုန်သွယ်နိုင်သည့် မြ၀တီနယ်စပ်မှ ၂၀၁၆ -၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်ထိ အမေရိကန် ဒေါ်လာ ၇၄၁ ဒသမ ၃၆၀ သန်း ကုန်သွယ်ထားပြီးဖြစ်၍ ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံး ဒေါ်လာ ၇၂၆ ဒသမ ၁၁၂ သန်းနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၁၅ ဒသမ၂၄၈ သန်း ပိုမို ကုန်သွယ်နိုင်ခဲ့ပြီဖြစ်၍ ဘဏ္ဍာနှစ်ကုန်လျှင် ဒေါ်လာ သန်း ၈၀၀ ကျော် ကုန်သွယ်နိုင်ဖွယ်ရှိကြောင်း မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်း၌ တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ဆိုသည်။
 
 
မြ၀တီနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းရှိ ဒေါနတောင်ကျော် အာရှလမ်းဖွင့်လှစ်ပြီးနောက် ယခင်ကကဲ့သို့ အတက်တစ်ရက် အဆင်းတစ်ရက် မဟုတ်တော့ဘဲ နေ့စဉ်အတက်အဆင်း ကုန်သွယ်နေကြသလို ရန်ကုန်ဈေးကွက်သို့ နေ့ချင်းအရောက် ပို့ဆောင်နိုင်ပြီ ဖြစ်သည်။
 
ထိုင်းနိုင်ငံ၏ ကုန်သွယ်မှု တံခါးပေါက် မဲဆောက်- မြ၀တီ လမ်းကြောင်းမှ ယခုနှစ်တွင် လယ်ယာသုံးပစ္စည်များ ပိုမိုတင်သွင်းလာပြီး အိမ်ဆောက်ပစ္စည်း။ သွတ်၊ သံ၊ ဘိလပ်မြေနှင့်အိမ်သာကြွေခွက်၊ ကော်ပစ္စည်း အသုံးအဆောင်များ ပိုမိုတင်သွင်းခဲ့သည်။
 
ထိုင်းနိုင်ငံ၊ ဗီယက်နမ် နိုင်ငံထုတ် ဆိုင်ကယ်များအား ဆိုင်ကယ်ရောင်းဝယ်ရေး ကုမ္ပဏီများက တရားဝင်တင်သွင်းလျက်ရှိသည်။ ထို့ပြင် လယ်ထွန်စက်၊ စပါးခြွေလှေ့စက်၊ ကူဘိုတာ လယ်ယာသုံးစက်ယန္တရားများ တင်သွင်းလာခဲ့သည်။
 
ထို့ပြင် ယခင်က ပုံမှန်တင်သွင်းလျက်ရှိသည့် အ၀တ်အထည်၊ စားသောက်ကုန်နှင့် အချိုရည်မျိုးစုံတို့မှာ ယခင်နှစ်ကထက်ပိုပြီး တင်သွင်းလာခဲ့ပြီး စက်သုံးဆီနှင့် ဓာတ်ငွေရည်တင်သွင်းမှုမှာ ပိုပိုများပြားလာခဲ့သည်။
 
ထိုင်းနိုင်ငံထုတ် သကြားများအား Re – export အဖြစ် တရုတ်နိုင်ငံသို့ အလုံးအရင်းဖြင့် တင်ပို့လျက်ရှိပြီး မြန်မာနိုင်ငံထွက် ကြံများကို ထိုင်းနိုင်ငံသို့ တင်သွင်းလျက်ရှိသည်။
 
မြန်မာနိုင်ငံ ရေထွက်ကုန်ငါးသယံဇာတ၊ ငါး ၊ ပုစွန်၊ ကဏန်း၊ ငါးရှဥ့်နှင့်လယ်ယာ ထွက်ကုန်နှမ်းနက်၊ ကြက်သွန်၊ ပဲ၊ ငရုတ်သီး၊ လက်ဖက်နှင့် ပြောင်းဖူးများကို ထိုင်းနိုင်ငံဘက်သို့ တင်ပို့လျက် ရှိသည်။
 
မြန်မာ - ထိုင်း နယ်စပ်ရှိ မြ၀တီကုန်သွယ်ရေးဇုန်မှ ဇန်န၀ါရီ နောက်ဆုံးပတ်တွင် အမေရိကန်ဒေါ်လာ ၂၄၆၆၀ တန်ဖိုးရှိ ကြက်သွန်နီ ၇၅ တန် နီးပါးတင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ့ ကြက်သွန်နီ (ဆိုက်ကြီး) များအား ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှား၊ စင်ကာပူနှင့် အမေရိကန်ထိ တင်ပို့နိုင်ရန် ကြက်သွန်လုပ်ငန်းရှင်များက ပြောကြားသည်။
 
မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်ဖက်ထိုင်းနိုင်ငံသို့ တင်ပို့မှုမှာ ယခင်နှစ်ကထက် မြင့်တက်လာသော်လည်း လွန်ခဲ့သော ၂၀၁၂ - ၂၀၁၃ ခုနှစ် ပို့ကုန်ပမာဏကို ပြည့်မီရန် လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
 
Credit To >>> Eleven Media Group
Read 2197 times