Monday, 06 February 2017 11:53

ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးညွှန်းကိန်း ကျဆင်းနေသော်လည်း ပြည်တွင်းဈေးကွက်အတွင်း ၁၃၅၉ ကျပ်ဝန်းကျင်၌ တန့်နေ

Written by
Rate this item
(0 votes)
ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးအညွှန်းကိန်း ကျဆင်းနေသော်လည်း ပြည်တွင်းဈေးကွက်အတွင်း တစ်ဒေါ်လာ ၁၃၅၉ ကျပ် ၀န်းကျင်၌ တန့်နေကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေရောင်းဝယ်နေသူများထံမှ သိရသည်။
 
ပြီးခဲ့သော ဇန်န၀ါရီ ၃ ရက် ညပိုင်းတွင် ကမ္ဘာ့ငွေကြေးဈေးကွက်၌ ဒေါ်လာဈေး အညွှန်းကိန်း ၁၄ နှစ်အတွင်း စံချိန်တင်နှုန်းထားအဖြစ် ၁၀၃ ဒသမ ၇၈ ပွိုင့်အထိ မြင့်တက်ခဲ့ပြီးနောက် တအိအိ ပြန်လည်ကျဆင်းခဲ့ရာ ဖေဖော်ဝါရီ ၃ ရက်၌ ၉၉ ဒသမ ၅၅ ပွိုင့်အထိ ရောက်ရှိခဲ့ပြီး ၉၉ ဒသမ ၆၉ ပွိုင့်ဖြင့် ဈေးပိတ်ခဲ့သည်။ ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးနှုန်းသည် အကျဘက်ကို တရွေ့ရွေ့ရောက်ရှိလာပြီး ပြီးခဲ့သည့် တစ်ပတ်အတွင်း အနိမ့်ဆုံးဒေါ်လာဈေး အညွှန်းကိန်းမှာ ၉၉ ဒသမ ၂၄ ပွိုင့်ဖြစ်ပြီး အမြင့်ဆုံးဒေါ်လာဈေး အညွှန်းကိန်းမှာ ၁၀၀ ဒသမ ၇၅ ပွိုင့်ဖြစ်ကာ ဇန်န၀ါရီ ၃၀ ရက် မတိုင်မီရက်များနှင့် နှိုင်းယှဉ်ပါက ဒေါ်လာဈေး အားပျော့လာခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၄ ရက်တွင် ဖြစ်ပေါ်သော ကမ္ဘာ့အဓိကငွေကြေးအချို့၏ ငွေလဲနှုန်းများမှာ တစ်ယူရိုလျှင် ၁ ဒသမ ၀၇ ဒေါ် လာ၊ တစ်ပေါင်လျှင် ၁ ဒသမ ၂၄ ဒေါ်လာ၊ အမေရိကန်တစ်ဒေါ်လာလျှင် ၁၁၂ ဒသမ ၆၅ ယန်းတို့ ဖြစ်သည်။
 
 
ကမ္ဘာ့ငွေကြေးဈေးကွက်၌ ဒေါ်လာဈေး နေ့စဉ်အတက်အကျများဖြင့် မတည်မငြိမ် ဖြစ်ပေါ်နေပြီး ပြည်တွင်းဈေးကွက်တွင်လည်း သက်ရောက်မှုများ ရှိနေသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်၌ ဒေါ်လာဈေး စံချိန်တင်နှုန်းအဖြစ် ၁၄၃၈ ကျပ်အထိ အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် ဇန်န၀ါရီ ၁၆ ရက်တွင် ၁၃၄၆ ကျပ်အထိ ကျဆင်းခဲ့သည်။ ထို့နောက် ဇန်န၀ါရီ ၁၉ ရက်တွင် တစ်ဒေါ်လာ ၁၃၆၇ ကျပ်အထိ ပြန်လည်မြင့်တက်လာပြီး ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၄ ရက်အထိ တစ်ဒေါ်လာ ၁၃၅၄ မှ ၁၃၆၂ ကျပ်ကြားတွင် နေ့စဉ်အတက်အကျ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
 
ဇန်န၀ါရီလအတွင်း နိုင်ငံခြားငွေလဲနှုန်း အခြေအနေကို ကြည့်ပါက အနိမ့်ဆုံး ၁၃၄၆ ကျပ်ဖြစ်ခဲ့ပြီး အမြင့်ဆုံးနှုန်းမှာ ကျပ် ၁၃၇၀ ဖြစ်သည်။ ဇန်န၀ါရီ ၁ ရက်တွင် ကျပ် ၁၃၆၀ ဖြင့် စဖွင့်ခဲ့သော ဒေါ်လာဈေးသည် ဇန်န၀ါရီ ၁၀ ရက်၌ ကျပ် ၁၃၇၀ အထိ မြင့်တက်ခဲ့ပြီးနောက် ပြန်ကျဆင်းခဲ့ရာ ဇန်န၀ါရီ ၃၁ ရက်တွင် ကျပ် ၁၃၆၀ ဖြင့် ဈေးပိတ်ခဲ့ခြင်း ဖြစ်သည်။
 
ဖေဖော်ဝါရီ ၄ ရက်တွင် ပြင်ပဈေးကွက်အတွင်း ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေလဲနှုန်းအချို့မှာ ယူရို ၁၄၆၀ ကျပ်၊ စင်ကာပူဒေါ်လာ ၉၆၁ ကျပ်၊ မလေးရှားရင်းဂစ် ၃၀၇ ကျပ်၊ ထိုင်းဘတ် ၃၈ ဒသမ ၈၅ ကျပ်၊ ဗြိတိန်ပေါင် ၁၆၉၅ ကျပ်၊ ဂျပန်ယန်း ၁၂ ကျပ်၊ သြစတြေးလျ ဒေါ်လာ ၁၀၃၅ ကျပ်၊ တရုတ် ယွမ် ၁၉၇ ကျပ်တို့ဖြစ်ကြောင်း သိရသည်။
 
Credit To >>> Eleven Media Group
Read 832 times